မျက်စိကျန်းမာရေးအတွက် လုပ်သင့်တဲ့အချက် ၁၀ ချက်
အမြင်အာရုံဟာ လူတိုင်းအတွက် အရေးကြီးပါတယ်။ ဖုန်း၊ ကွန်ပြူတာနဲ့ tablet တွေ အချိန်နဲ့အမျှသုံးနေကြတဲ့ ယနေ့ခေတ်ကာလမှာ မျက်စိကျန်းမာရေးကိုလည်း မဖြစ်မနေ ဂရုပြုပါမှ အမြင်အာရုံနဲ့ ဆိုင်တဲ့ ပြဿနာတွေ ဖြစ်မလာအောင် တားဆီးနိုင်မှာပါ။
မျက်စဥ်းခတ်တာတွေ၊ မျက်စိနဲ့ အာရုံကြောအားဆေးတွေ သောက်တာလည်း တော်တော်များများက လုပ်နေကြပါပြီ။ ဆေးတွေအနေနဲ့ထက် ကိုယ့်ရဲ့နေ့စဥ် နေထိုင်စားသောက်ပုံကတဆင့် မျက်စိကျန်းမာအောင် လုပ်လိုရတဲ့ အလေ့အကျင့်ကောင်းတွေလည်း ရှိပါတယ်။
အဲဒါတွေက ဘာတွေလဲ ဆိုတာ ကြည့်ကြရအောင်နော်။
(1) ဗိုက်တာမင်နဲ့ သက်စောင့်ဓာတ်တွေ လုံလောက်အောင် စားပါ
ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants) တွေပါဝင်တဲ့ ဗိုက်တာမင် အေ၊ ဗိုက်တာမင် စီ၊ ဗိုက်တာမင် အီးနဲ့ ဇင့်ဓာတ်တွေဟာ အမြင်အာရုံ ချို့ယွင်းမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ မုန်လာဥနီ၊ ကန်စွန်းဥ၊ ထောပတ်သီး၊ ငရုတ်ပွအနီနဲ့အဝါ၊ စတော်ဘယ်ရီ၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်နဲ့ လိမ္မော်သီး၊ ဂရိတ်ဖရုသီးတို့လို အချဥ်အရသာရှိတဲ့ သစ်သီးတွေ မကြာခဏစားပေးပါ။
အဆီများတဲ့ငါးတွေနဲ့ သံလွင်ဆီမှာ အိုမီဂါသရီးဖက်တီးအက်ဆစ်ပါလို့ မျက်စိကျန်းမာရေးအတွက် အထောက်အကူဖြစ်ပါတယ်။
(2) Carotenoids စားဖို့လည်း မမေ့ပါနဲ့
Carotenoids ဆိုတာ အဝါရောင်နဲ့ အနီရောင်ဖြစ်စေတဲ့ ရောင်ခြယ်ပစ္စည်းဖြစ်ပြီး မျက်စိရဲ့မြင်လွှာမှာ ပါဝင်ပါတယ်။ မုန်လာဥနီ၊ သဘေင်္ာသီးမှည့်၊ သရက်သီးမှည့်၊ ငရုတ်ပွအနီ၊ ရွှေဖရုံသီးနဲ့ အစိမ်းရင့်ရောင်အရွက်တွေမှာ carotenoids ကြွယ်ဝလို့ အမြင်အာရုံကောင်းအောင် စားသင့်ပါတယ်။
(3) ကိုယ်အလေးချိန်ထိန်းပါ
ပိန်တာနဲ့ မျက်စိကောင်းတာဘာဆိုင်လဲလို့ တွေးချင်တွေးမိကြပါလိမ့်မယ်။ ဝနေတဲ့သူတွေမှာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေပိုများပါတယ်။ ဆီးချိုရောဂါဟာ ကျောက်ကပ်၊ နှလုံးနဲ့ အာရုံကြောစနစ်ကိုသာမက အမြင်အာရုံကိုလည်း ဆုံးရှုံးစေနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်များတဲ့အခါ မြင်လွှာမှာရှိတဲ့သွေးကြောမျှင်လေးတွေကနေ မျက်စိထဲကို သွေးနဲ့အရည်တွေ စိမ့်ထွက်စေတဲ့အတွက် အမြင်အာရုံဆုံးရှုံးတာကို diabetes retinopathy လို့ ခေါ်ပါတယ်။ သင့်တော်တဲ့ ကိုယ်အလေးချိန်ထိန်းထားခြင်းက ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
(4) နာတာရှည်ရောဂါတွေ ရှိရင်ဂရုစိုက်ပါ
ဆီးချိုသာမက သွေးတိုးလို ရောဂါမျိုးကလည်း အမြင်အာရုံကို ထိခိုက်စေပါတယ်။ သွေးဖိအားများတဲ့အခါ မျက်စိအတွင်းဖိအားလည်း များလာပြီး မျက်စိအာရုံကြောနဲ့ မြင်လွှာကို ထိခိုက်နိုင်ပါတယ်။ ဆီးချိုသွေးတိုးရောဂါတွေ ရှိနေရင် သွေးပေါင်ချိန်နဲ့ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ကိုယ်လက်လေ့ကျင့်ခန်း၊ အနေအထိုင် အစားအသောက်နဲ့ ဆီးချိုဆေး၊ သွေးကျဆေးများဖြင့် ဟန်ချက်ညီညီ ထိန်းညှိထားသင့်ပါတယ်။
(5) မျက်စိအကာအကွယ် ဝတ်ဆင်ပါ
စက်ပစ္စည်းတွေ၊ ဓာတုဆေးရည်တွေ၊ ဘိလပ်မြေစက်ရုံလို အမှုန်အမွှားတွေမျက်စိထဲ ဝင်နိုင်ခြေရှိတဲ့ လုပ်ငန်းခွင်တွေ၊ ချွန်ထက်တဲ့အရာနဲ့လုပ်ရတဲ့ အလုပ်တွေ၊ ဓာတ်ခွဲခန်းမှာ အလုပ်လုပ်ရသူတွေဟာ မျက်စိအကာအကွယ် တပ်သင့်ပါတယ်။ မတော်တဆ မျက်စိကို ထိခိုက်မိတာ၊ မျက်စိထဲ ပြင်ပပစ္စည်းဝင်သွားမျိုးဆိုရင်လည်း သန့်ရှင်းတဲ့ရေနဲ့ ချက်ချင်ဆေးကြောပြီး မျက်စိဆရာဝန်နဲ့ ချက်ချင်းပြရပါမယ်။
(6) နေကာမျက်မှန် တပ်ပါ
နေကာမျက်မှန်တပ်တာက စမတ်ကျစေရုံသာမက နေရောင်ခြည်ထဲမှာပါတဲ့ UV A နဲ့ UV B ရောင်ခြည်တွေကို ကာကွယ်ပေးလို့ အတွင်းတိမ်နဲ့ မြင်လွှာပျက်စီးခြင်းတွေကို တားဆီးပေးသလို မျက်ဝန်းတစ်ဝိုက်မှာ အရေးအကြောင်းတွေ မဖြစ်ပေါ်အောင်လည်း ကာကွယ်ပေးတာမို့ အခုပဲ ပြေးဝယ်ထားလိုက်တော့နော်။
(7) 20-20-20 စည်းမျဥ်းကို လိုက်နာပါ
မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်ကတည်းက အိပ်နေချိန်ကလွဲလို့ မျက်စိဟာ တောက်လျှောက်အသုံးပြုခံနေရတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းပါ။ ဖုန်းနဲ့ ကွန်ပြူတာ ဖန်သားပြင်ကို တောက်လျှောက်ကြည့်နေရချိန်မျိူးမှာ မျက်စိရဲ့ ဖိအားကို လျှော့ချဖို့ လိုပါတယ်။ ဖန်သားပြင်ကို မိနစ် 20 ကြည့်ပြီးတိုင်း ပေ 20 အကွာအဝေးကို စက္ကန့် 20 ကြာအောင် ကြည့်ပေးတာက မျက်စိဖိအားကို လျော့ကျစေပါလိမ့်မယ်။
(8) ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်ဟာ ပိုက်ဆံကုန်တဲ့အပြင် ခန္ဓာကိုယ်ကို ကောင်းကျိုးတစ်ခုမှ မပေးဘဲ ဆိုးကျိုးများစွာသာ ပေးတဲ့အထဲမှာ မျက်စိကိုလည်း ချန်မထားခဲ့ပါဘူး။ ဆေးလိပ်သောက်သူဟာ အတွင်းတိမ်နဲ့ မြင်လွှာပျက်စီးနိုင်ခြေ ပိုများပါတယ်။ ဆေးလိပ်ဖြတ်ခဲ့ရင်တော့ အဆိုပါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
(9) မျက်စိရောဂါ မျိုးရိုးရှိရင် သတိထားပါ
ရေတိမ်၊ မြင်လွှာပျက်စီးဆုံးရှုံးခြင်း နဲ့ မျက်စိအာရုံကြောသိမ်ခြင်း စတဲ့ ရောဂါတွေဟာ မျိုးရိုးလိုက်တတ်တာမို့ မိဘဆွေမျိုးတွေမှာရှိရင် မျက်စိကျန်မာရေးကို အထူးဂရုပြုပြီး မကြာခဏစစ်ဆေးသင့်ပါတယ်။
(10) လက်နဲ့ မျက်ကပ်မှန်တွေကို သန့်ရှင်းအောင်ထားပါ
လက်ဟာ ရောဂါပိုးမွှားပေါင်းစုံကို သယ်ဆောင်ထားနိုင်တာမို့ မျက်စိကို လက်နဲ့မကြာခဏ ကိုင်ခြင်း၊ ပွတ်ခြင်း မပြုမိအောင် ရှောင်ပါ။ လက်ကိုလည်း မကြာခဏဆေးပါ။
မျက်ကပ်မှန် တပ်ခါနီး၊ ချွတ်ခါနီးတိုင်း လက်ကို စင်ကြယ်စွာ ဆေးကြောခြင်းဖြင့် ရောဂါပိုးမဝင်အောင် ကာကွယ်ပါ။ ဆံပင်များ မျက်စိထဲမဝင်အောင် သပ်ရပ်စွာ စည်းနှောင်ထားပါ။ ဆံပင်ကိုလည်း ပိုးမွှားကင်းအောင် ပုံမှန်ခေါင်းလျှော်ပါ။
အထက်ပါ အချက် ၁၀ ချက်ကို လိုက်နာရင် အမြင်အာရုံကို အကောင်းဆုံး ကာကွယ်နိုင်ပါလိမ့်မယ်။ မျက်စိပြဿနာ တစ်စုံတစ်ခုဖြစ်ခဲ့ရင်လည်း ဆေးမြီးတိုများ လျှောက်မလုပ်ဘဲ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ကုသခြင်းဖြင့် ကျန်းမာကြည်လင်တဲ့ မျက်စိကို ပိုင်ဆိုင်နိုင်ကြပါစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်